Tuesday, May 27, 2014

ဖခင်နှင့်ဖောက်ပြန်သည်ဟုဆိုကာသားဖြစ်သူက (၁၀) ရက်သားအရွယ်ကလေးမိခင် အမျိုးသမီးတစ်ဦးအား ဓါးဖြင့် ခုတ်သတ်

ဆတ်ရိုးကျ ရခိုင်ဒုက္ခသည် စခန်း (ဓါတ်ပုံ- နိရဉ္စရာ)
ဆတ်ရိုးကျ ရခိုင်ဒုက္ခသည် စခန်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆတ်ရိုးကျ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူ (၁၀) ရက်သားအရွယ် ကလေးမိခင် အမျိုးသမီးတစ်ဦးအား သူ၏ ဖခင်နှင့် ဖောက်ပြန်သည်ဟုဆိုကာ သားဖြစ်သူက ဓါးဖြင့် ခုတ်သတ်လိုက်သည်ဟု သတင်း ရရှိသည်။
သေဆုံးသူအမျိုးသမီးမှာ စစ်တွေမြို့ဆတ်ရိုးကျ ကယ်ဆယ်ရေးစခန်း အမှတ်(၂)တွင်နေထိုင်သူ ဒေါ်လှသိန်းဦး အသက်(၄၂) နှစ်ဖြစ်ကြောင်း  အမှတ် (၂)စခန်းမှူးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ မေလ ၂၃ ရက် ညနေ ၈ နာရီ ၄၅မိနစ်အချိန်မှာ စကားများရန်ဖြစ်ရာကနေ မောင်စံသိန်း အသက်(၂၁)နှစ်က ဒေါ်လှသိန်းဦးကို ဓါးနဲ့ ခုတ်သတ်လိုက်တာ ဖြစ်ပါတယ်။”
မောင်စံသိန်းက ဓါးဖြင့် ခုတ်သတ်သည့် အခြေခံ အကြောင်းအရင်းကိုလည်း သူက ယခုလို ပြောသည်။
“တရားခံက ဒေါ်လှသိန်းဦးကို သူ့အဖေနဲ့ဖောက်ပြန်တယ်လို့ ပြောပြီးတော့ အသင့်ကိုင်ဆောင်လာတဲ့ သုံးပေလောက်ရှိတဲ့ ဓားရှည်နဲ့ ခုတ်သတ်လိုက်တာလို့ သိရတယ်” ဟု ဆိုသည်။
ဒေါ်လှသိန်းဦး၏ ရင်ဘတ်တွင် ဓားဒဏ်ရာတစ်ချက်၊ ဦးခေါင်းတွင် ဓားဒဏ်ရာ တစ်ချက်စီရရှိပြီး  အခင်းဖြစ်သော နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း စခန်းမှူးက ဆက်လက် ပြောဆိုသည်။
မောင်စံသိန်းအား စစ်တွေမြို့ နယ်မြေ(၂)ရဲစခန်းမှ ချက်ချင်း ဖမ်းဆီးကာ  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် စစ်တွေ ပြည်နယ် တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။
သေဆုံးသွားသူ ဒေါ်လှသိန်းဦးမှာ သားသမီး (၇)ဦးကျန်ရစ်ခဲ့ပြီး အငယ်ဆုံး ကလေးမှာ (၁၀) ရက် အရွယ်သာ ရှိသေးကြောင်း သိရသည်။ ဒေါ်လှသိန်းဦး၏ အလောင်းအား မေလ ၂၄ ရက် နေ့လည် ၂ နာရီအချိန်က သဂြိုလ်လိုက်ကြောင်းသိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: