Monday, December 1, 2014

ရခိုင်ယူနိုက်တက်ဖလားဖိတ်ခေါ်ပြိုင်ပွဲ ဒီဇင်ဘာ ၆ ရက်နေ့ စစ်တွေတွင် စတင်မည်

စစ်တွေ ဝေသာလီအားကစားကွင်းမှ ဘော်လုံးပွဲတစ်ခု မြင်ကွင်း (ဓါတ်ပုံ - နိရဉ္စရာ)
စစ်တွေ ဝေသာလီအားကစားကွင်းမှ ဘော်လုံးပွဲတစ်ခု မြင်ကွင်း (ဓါတ်ပုံ – နိရဉ္စရာ)
ရခိုင်ယူနိုက်တက်ဖလား U 20 ဖိတ်ခေါ်ပြိုင်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဝေသာလီကွင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဟု သတင်း ရရှိသည်။
“ ဒီဇင်ဘာလ ၆ ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။ အသင်း ၆ သင်း၊ အုပ်စု A နဲ့ အုပ်စု B နှစ်ခုခွဲပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်ယူနိုက်တက်အသင်း ပြောခွင့်ရ အရာရှိ ကိုသက်ထူးနိုင်ဦးက နိရဉ္စရာသို့ ပြောသည်။
ပါဝင်မည့် အသင်းများ ခရိုင်ကိုယ်စားပြု အသင်းများ ဖြစ်ကြပြီး စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူနှင့် သံတွဲ ခရိုင် အသင်းတို့ ဖြစ်ကြသည်။
“ ခရိုင်ကိုယ်စားပြု အသင်းတွေ ပါဝင်ကစားကြမှာပါ။ စစ်တွေခရိုင်ကတော့ (က) အသင်းနဲ့ (ခ) အသင်း ဆိုပြီး ပါဝင်ကစားကြမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် ရခိုင်ယူနိုက်တက် အသင်းအနေဖြင့် ဖိတ်ခေါ်ပြိုင်ပွဲများ ပြုလုပ်သည်မှာ လူငယ်အားကစားသမားကောင်းတွေ ပေါ်ထွန်းစေလို၍ ဖြစ်ကြောင်း ကိုသက်ထူးနိုင်ဦးက ဆိုသည်။
“ ရခိုင်ပြည်နယ် အတွင်းက ရွက်ပုန်းသီး ဘော်လုံးအားကစားသမားတွေ ပေါ်ထွန်းလာရေးကို အဓိက ရည်ရွယ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူငယ် ဘော်လုံးသမားကောင်းတွေကို မြေတောင် မြှောက်ပေးလိုတဲ့ ရည်ရွယ်ချက်တွေပါဝင်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် အတွင်းမှာ ခုလို ဖိတ်ခေါ်ပြိုင်ပွဲ ပြုလုပ်ရတာ ပါ” ဟု သူက ဆက်လက် ပြောဆိုသည်။
ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၁၅ ခုနှစ် ဘော်လုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲသို့ ပြန်လည် တန်းတက်ခွင့် ရရှိထားပြီး ပြိုင်ပွဲတွင် အနိုင်ရရှိရေးအတွက် ပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း သိရသည်။
ယခုပြုလုပ်မည့် ဘော်လုံးပြိုင်ပွဲတွင် ပထမဆုကို ကျပ်သိန်း ၂၀၊ ဒုတိယဆုကို ကျပ် ၁၀ သိန်းစီ အသီးသီး ချီးမြှင့်သွားမည်ဟု သိရသည်။
“ ရခိုင်မျိုးဆက်သစ် လူငယ် အားကစားသမားတွေနဲ့ ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံတော် ဂုဏ်ဆောင် အားကစားသမားတွေ ဖြစ်ဖို့ ကြိုးစားကြဖို့ ပြောချင်ပါတယ်။ ရခိုင်ပြည်နယ် အတွင်း အားကစားကွင်းတွေ ရှားပါးပြီး လေ့ကျင့်ဖို့ ခက်ခဲမှုတွေရှိပေမယ့် အချိန်ယူပြီး ပြုပြင်ပေးသွားဖို့လည်း လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ကိုသက်ထူးနိုင်ဦးက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: