ရခိုင်ပြည်နယ်အတွင်း အုပ်စု နှစ်ခုကြား
အပြန်အလှန် တိုက်ခိုက်မှုများကို အကြောင်းပြု၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ
ရခိုင်မျိုးနွယ်စုများမှာ ဖိအားပေး ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရပြီး
ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာလျက်ရှိကြောင်း ဒုက္ခသည်များနှင့် ကူညီ
စောင့်ရှောက်နေသူများက ပြောသည်။
ဝင်ရောက်လာသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွာတော်ခရိုင်မှ အများစု ဖြစ်ပြီး စစ်တကောင်းခရိုင်နှင့် ရင်ဂါမာတီခရိုင်
တို့မှလည်း ပါဝင်သည်။ လက်ရှိတွင် မောင်တောနှင့် ကျောက်တော်မြို့နယ်များတွင် ၎င်းတို့ ခိုလှုံ နေထိုင်လျက် ရှိကြသည်။
“မနှစ်က ဇွန်လမှာ ရခိုင်အရေးအခင်း ဖြစ်ပြီး အောက်တိုဘာ ၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နေ ရခိုင်တွေ
မောင်တောကို
စဝင်တယ်။ ဒီဘက်မှာ ဖြစ်တဲ့ ပဋိပက္ခကို အခြေခံပြီးတော့ အဲဒီမှာနေတဲ့
ရခိုင်မျိုးနွယ်စု ဗုဒ္ဓဘာသာဝင်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ
ဖိနှိပ် ခြိမ်းခြောက်မှုတွေ လုပ်လာတာကြောင့် ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်
ခိုလှုံလာကြတာ ဖြစ်တယ်” ဟု မောင်တောမြို့၊ ဗဟိုကျောင်းတိုက် ဆရာတော် ဦးအာစရ
က မိန့်ကြားသည်။
ဆရာတော်က ဆက်လက်၍ “မောင်တောမြို့နယ် တခုထဲထဲမှာ ရောက်နေတဲ့ ဒုက္ခသည် စာရင်းကတော့ အိမ်ထောင်စု
၂၅၇ စု၊ ကျား ၅၂၀၊ မ ၅၄၇ ဦး ရှိတယ်။ အစောပိုင်းမှာ WFP က ဆန် အနည်းအကျဉ်း လှူခဲ့သေးတယ်။
နောက်ပိုင်းမှာတော့
ဒီလူတွေကို ဒုက္ခသည် မဟုတ်ဘူး ဆိုပြီး ရပ်ပစ်တယ်။ လောလောဆည် ဒုက္ခသည်တွေ ကို
နတလ ရွာတွေမှာ ထားတယ်။ ဗဟိုကျောင်းမှာတော့ အိမ်ထောင်စု ၂၉ စု
ကျန်နေသေးတယ်။ ဆက်ပြီး
ရောက်လာနေဆဲ ဖြစ်တယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။
၎င်းထွက်ပြေးလာရပုံကို
မောင်တောမြို့ ဗဟိုကျောင်းတွင် ခိုလှုံနေသော ရွာတော်ခရိုင်၊ လမမြို့နယ်၊
အုန်းတပင်ရွာမှ ဦးမောင်ပုချေ က “ကျနော်တို့ ထွက်ပြေးမှာကို ကြိုသိလို့
(ဘင်္ဂလားဒေ့ရှ်) အာဏာပိုင်တွေက လမ်းတွေကို ပိတ်ဆို့ထားတယ်။ ည ၈နာရီလောက်မှာ
ကျနော်တို့ ရခိုင်စုစုပေါင်း ၁၅ ယောက်ဟာ တယောက် လမ်းကြောင်း
တခုစီနဲ့
ရွာကနေ ခိုးထွက်ပြီး လမ်းမှာ ဆုံတယ်။ ညအမှောင်ထဲမှာ တောလမ်းက ဖြတ်ကြရတယ်။
လုံခြုံရေးနဲ့ မတွေ့အောင် ရှောင်ပြီး နှစ်ရက်တိုင်တိုင် လာခဲ့ရတယ်” ဟု
ဆိုသည်။
၎င်းတို့ နေထိုင်ခဲ့ရာအရပ်တွင် ကြုံတွေ့ခဲ့ရသည့်
အဓမ္မမှုများနှင့်ပတ်သက်၍ “ဒေသ အာဏာပိုင်တွေက ကျနော်တို့ ရခိုင်တွေကို
မူဆလင်ဘာသာကို အတင်းဝင်ခိုင်းတယ်။
ယောက်ျားတွေကို အဓမ္မ တောက်ကျာ
ဆောင်းခိုင်းတယ်။ စီးပွားရေးလုပ်ခွင့် မရဘူး။ မိန်းမတွေကိုလည်း ဆာရီ
ဝတ်ခိုင်းတယ်။ အဲလိုမလုပ်ရင် ပြဿနာလုပ်တယ်။ မိန်းခလေးတွေ ကိုလည်း
ကိုယ်ထိလက်ရောက်
စော်ကားကြတယ်။ အာဏာပိုင်တွေကို တိုင်ပြန်တော့လည်း ဘာမှလုပ်မပေးဘူး” ဟု ကျောက်တော်မြို့၊
ရွှေကျောင်း၌ ခိုလှုံနေသော ရင်ဂါမာတီမြို့နယ်၊ ပါးလူရွာမှ ဦးဆိုးရီ က ပြောသည်။
အစ္စလာမ်
ဘာသာဝင် အများစုရှိရာ မောင်တောမြို့တွင် မနေဘဲ ကျောက်တော်မြို့အထိ ၇၄ ဦး
ရောက်ရှိ လာကြောင်း ရခိုင်အမျိုးသမီးကွန်ယက်မှ ဒေါ်ညိုအေး က ပြောသည်။
“ရပ်မိရပ်ဖ၊
လူမှုကွန်ယက်များ၊ ရခိုင်မျိုးသမီး ကွန်ယက်တို့က ကူညီ စောင့်ရှောက်နေပါတယ်။
ပြည်နယ် အစိုးရကလည်း လာရောက် အားပေးစကားပြောပါတယ်” ဟု ဆိုသည်။
မောင်တော
ဗဟိုကျောင်းနှင့် မြို့နယ်တွင်း အခြားဒုက္ခသည်စခန်းတွင်လည်း ပြည်နယ်အစိုးရ
အပါအဝင် လူမှုအဖွဲ့အစည်းများက လာရောက်လှူဒါန်းနေပြီး မိုးတွင်း၌ ဒုက္ခသည်များ
စားသောက်ရေး အကူအညီများ ထပ်မံလိုအပ်နေကြောင်း ဆရာတော် အာစရ က
အမိန့်ရှိထားသည်။
၎င်းဒုက္ခသည်များအား ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာရုံး UNHCR က တရားဝင် ဒုက္ခသည်အဖြစ် သတ်မှတ်ရန်
နှောင့်နှေးကြန့်ကြာနေသည်ဟု သွားရောက်ကူညီနေသည့် ဝံလက် ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးဇော်ဇော်ထွန်း က ဝေဖန်လိုက်သည်။
“ဒုက္ခပေါင်းစုံနဲ့
ထွက်ပြေးလာတဲ့ ဒီဒုက္ခသည်တွေအပေါ်မှာ UNHCR အနေနဲ့ကူညီ ဆောင်ရွက်ဖို့
ငြင်းဆန်နေ တာဟာ တရားမျှတမှု မရှိသလို ဖြစ်နေတယ်။ တဖက်နိုင်ငံက
လူ့အခွင့်အရေးချိုး ဖောက်ခံရပြီး နည်းမျိုးစုံနဲ့
ရောက်လာသူတွေကို
ပြည်နယ်အစိုးရက လူသားချင်း စာနာမှုအပြည့်နဲ့ ခိုလှုံခွင့်ပေးနေချိန်မှာ
ကုလသမဂ္ဂ တာဝန်ရှိအဖွဲ့အစည်းက ဒီလို တာဝန်မဲ့တဲ့ လုပ်ရပ်မျိုး လုပ်နေတဲ့အပေါ်
အလွန်ပဲစိတ်ပျက်မိတယ်” ဟု
ထောက်ပြပြောဆိုသည်။
ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် ကလည်း
“ပြည်နယ်အစိုးရအနေနဲ့ ဒီဒုက္ခသည်တွေ အမိုးအကာအောက်မှာ ကောင်မွန်စွာနေထိုင်နိုင်ရေးအတွက် တတ်နိုင်သမျှ
စီစဉ်ပေးနေပါတယ်။
ဒါဟာ အစိုးရရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာကြောင်းပြသခြင်း ဖြစ်သလို၊
လူသားချင်း စာနာမှုကိုလည်း ဖော်ညွှန်းခြင်း ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ရခိုင်မျိုးနွယ်စုများမှာ
ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ မပေါ်ပေါက်မီကတည်းကပင် အဆိုပါဒေသ၌
နှစ်ပေါင်းများစွာ ရပ်တည်နေထိုင်လာခဲ့ပြီး ယခုအခါ စစ်တကောင်း၊
ဖလောင်းချိတ်၊ ဗောဓိသျှ၊ ပေါက်တောခလီ၊ ဖခရာရှိုးရိ၊ ရင်ဂါမာတီ၊ ရွာတော်
ခရိုင်နှင့် အခြားဒေသများများတွင် ယနေ့တိုင် နေထိုင်လျက်ရှိကြကြောင်း
ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရ က ဆိုသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ၊ ရေးသားသူ- သိန်းလှိုင်)
http://mizzimaburmese.com/news/inside-burma/11821-2013-05-31-10-38-36.html